Monday, September 2, 2013
မိုဘိုင်းဖုန်း ပြုပြင်ရေးသင်တန်းများ ဈေးနှုန်းမြင့်တက်
မိုဘိုင်းဖုန်း ပြုပြင်ရေးသင်တန်းများ ဈေးနှုန်းမြင့်တက်
Photo
ဆွေမွန်
ရန်ကုန်၊ ဇွန်-၃၀
အတွဲ (၁၂)၊ အမှတ်(၁၇)
တန်ဖိုးနည်းဖုန်းများ ရောင်းချပြီး နောက်ပိုင်းတွင် မိုဘိုင်းဖုန်းပြုပြင်ရေးဝန်ဆောင်မှု လုပ်ကိုင်လိုသူ နှစ်ဆခန့်မြင့်တက်လာကာ အဆိုပါ ၀န်ဆောင်မှုသင်တန်းကြေးများလည်း ယခင်နှစ်ကထက် ထက်ဝက်ခန့်မြင့်တက်လာကြောင်း စုံစမ်းသိရသည်။
အဆိုပါ ပြုပြင်ရေးသင်တန်းများကို နယ်မြို့များမှ တက်ရောက်သူ ပိုမိုများပြားလျက်ရှိပြီး အမျိုးသမီးများလည်း တက်ရောက်မှုရှိရာ သင်တန်းတက်သူ ဦးရေမှာ ယခင်နှစ်များကထက် နှစ်ဆခန့်မြင့်တက်လာသည်ဟု မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ သင်တန်းကျောင်းများမှ သိရသည်။
“အရင်ကထက် နှစ်ဆလောက်တက်လာတယ်။ ဒါတောင် ဖုန်းတွေက သိပ်ပြီး မချပေးသေးဘူးလို့မြင်တယ်။ နောက်ဆို ဒီ့ထက်တောင်ပိုများလာနိုင်တယ်” ဟု စမ်းချောင်းမြို့နယ်ရှိ Best Level မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်းမှ တာဝန်ခံက ပြောသည်။
ကျပ် ၁၅၀၀ တန် ဖုန်းများရောင်းချပေးပြီးနောက်ပိုင်းနှင့် လွန်ခဲ့သည့် လေးလ၀န်းကျင်မှ စတင်၍ ထိုလုပ်ငန်းကို သိသိသာသာ စိတ်ဝင်စားမှုများပြားလာပြီး တက်ရောက်သူ မြင့်တက်လာကြောင်း စုံစမ်းသိရသည်။
ထို့ပြင် သင်တန်းကြေးကောက်ခံမှုများမှာ ယခင်နှစ်ကထက် ထက်ဝက်နီးပါး မြင့်တက်ပြီး လက်ရှိတွင် Hardware ပိုင်းနှင့် Software ပိုင်းဆိုင်ရာ သင်တန်းတစ်ခုပင်လျှင် သင်တန်းကြေး နှစ်သိန်းကျော်ခန့်ရှိကြောင်း စုံစမ်းသိရသည်။
အချို့နေရာရှိ သင်တန်းများတွင် အဆိုပါ နည်းပညာပိုင်းဆိုင်ရာ သင်တန်းများကို တစ်သိန်းကျော်ဝန်းကျင်ခန့်ဖြင့် သင်ကြားပေးနေသော်လည်း ထိုဈေးနှုန်းများမှာလည်း ယခင်ကထက် အနည်းငယ်မြင့်တက်နေသေးကြောင်း မိုဘိုင်းဖုန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
လက်ရှိဖွင့်လှစ်ထားသည့် သင်တန်းအများစုမှာ တစ်လခွဲကျော် ကြာမြင့်ပြီး အလုပ်ခွင်၌ ၀င်ရောက်လေ့ကျင့်မှုများလည်း လုပ်ကိုင်ပေးရာ လူငယ်အများစု လာရောက်သင်ကြားမှုရှိကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)


No comments:
Post a Comment